အောက်တိုဘာ ၁၀ ရက် ထိပ်တန်းသတင်းများ - မုန်လိုင်ခက် စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှု ဝမ်းနည်းကြောင်း ယူနီဆက်ဖ် ပြော

သေဆုံးသူတွေရဲ့ စျာပနကို ဒီနေ့မှာပဲ ပြုလုပ်ခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Naw Naw

ဓာတ်ပုံ ပုံစာ, သေဆုံးသူတွေရဲ့ စျာပနကို ဒီနေ့မှာပဲ ပြုလုပ်ခဲ့ပါတယ်

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်(ကေအိုင်အို/ကေအိုင်အေ)ဌာနချုပ်နဲ့ မိုင်အနည်းငယ်အကွာက စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ အရပ်သားတွေ သေဆုံးရတဲ့အခြေအနေကို များစွာထိတ်လန့် ဝမ်းနည်းရတယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြောလာပါတယ်။

မုန်လိုင်ခက်မှာ မနေ့ညပိုင်းတုန်းက တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူ ၂၉ ဦးထဲ ကလေးသူငယ် ၁၄ ဦးပါဝင်တယ်ဆိုတဲ့သတင်းထွက်ပေါ်လာအပြီးမှာ UNIFCF က အခုလို ပြောဆိုလာတာဖြစ်ပါတယ်။

လက်ခံနိုင်စရာအကြောင်းပြချက်လုံးဝမရှိတဲ့ တိုက်ခိုက်မှုလုပ်ရပ်ဟာ ကျပ်တည်းတဲ့အခြေအနေ ကာလတွေမှာ ထိခိုက်နစ်နာလွယ်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ အရေးတကြီးလိုအပ်တဲ့အကြောင်း မီးမောင်းထိုးပြနေတယ်လို့လည်း ဆိုပါတယ်။

ဒီဖြစ်ရပ်မှာ သားသမီးတွေနဲ့ မိသားစုဝင်တွေဆုံးရှုံးခဲ့ရသူတွေအတွက် မိသားဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းရတယ်လို့လည်း UNICEF က ပြောပါတယ်။

ကလေးငယ်တွေနဲ့ အရပ်သားပြည်သူတွေဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ပစ်မှတ်တွေ မဟုတ်ဘူးလို့လည်း UNICEF က ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း မြန်မာစစ်တပ်ကို အပြည့်အဝ လက်နက်ပိတ်ပင်တာ၊ တိုက်လေယာဥ်ဆီတွေ တင်သွင်းမှု ရပ်ဆိုင်းတာကို အမြန်ဆောင်ရွက်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ လုံခြုံရေးကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ပထမကော်မတီရဲ့ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှု အစီအစဥ်မှာ အခုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

မုန်လိုင်ခက် စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှု နှစ်ဖက်တုံ့ပြန်ချက်

ကေအိုင်အိုပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူ(ဝဲ)နဲ့ ၂၀၁၉ ခုနှစ်တုန်းက သတင်းစာရှင်းလင်းပွဲမှာ မြင်တွေ့ရတဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း(ယာ)

ဓာတ်ပုံ ရင်းမြစ်, KIA/EPA

ဓာတ်ပုံ ပုံစာ, ကေအိုင်အိုပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူ(ဝဲ)နဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း(ယာ)
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်(ကေအိုင်အို/ကေအိုင်အေ) ဌာနချုပ်အနီးက စစ်ရှောင်စခန်းကို လက်နက်ကျရောက် ပေါက်ကွဲမှုဟာ သူတို့တိုက်ခိုက်မှု မဟုတ်ဘူးလို့ မြန်မာစစ်ကောင်စီဘက်က ပြောလာပြီး ဒီဖြစ်ရပ်ကို စုံစမ်းနေတယ်လို့ဆိုပါတယ်။

လိုင်ဇာနဲ့ ၂ မိုင်နီးပါးအကွာက မုန်လိုင်ခက်စစ်ရှောင်စခန်းကို မနေ့ည ၁၁ နာရီဝန်းကျင်မှာ လက်နက်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် လူပေါင်း ၂၉ ဦးသေဆုံးတယ်လို့ ကေအိုင်အေ/ကေအိုင်အိုဘက်က အစောပိုင်းက ပြောထားတာပါ။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ‘‘ကျွန်တော်တို့ နယ်စပ်တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းနေတာရှိတယ်။ လုပ်နေချိန်မှာ ဒီလို တိုက်ခိုက်မှု လုပ်မလုပ်ဆိုတာ စဥ်းစားသင့်တယ်။ တက်လာ တဲ့ပုံတွေကို ကြည့်ရင် လေယာဥ်ကနေ ချတဲ့ဗုံးမဟုတ်ဘူးဆိုတာ သိသာပါတယ်။ တဖက်အဖွဲ့အစည်းက အဲဒီနေရာကနေ အခြေပြုပြီးတော့ နေ့စဥ်နီးပါး သူတို့သုံးနေတဲ့မောင်းသူမဲ့လေယာဥ်တွေ သုံးပြီးတော့ တပ်မတော်စခန်းတွေကို၊ စစ်ကြောင်းတွေကို ဒရော့ဗုံး(drop bomb) လာချတာတွေရှိတယ်။ တက်လာတဲ့ သတင်းတွေအရ ပေါက်ကွဲမှုဖြစ်ခဲ့တယ်ဆိုတာသိရတယ်။ ကေအိုင်အေထဲမှာ အရင်က လက်နက်တိုက် ပေါက်ကွဲမှုဖြစ်ခဲ့ဖူးတယ်။ လက်နက်ခဲယမ်းတွေ ဆုံးရှုံးတာမျိုးဖြစ်ခဲ့ဖူးတယ်’’ လို့ ပြောပါတယ်။

ကေအိုင်အို ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူကတော့ ‘‘သူတို့ မပစ်ဘူးဆိုတာ မဟုတ်ပါဘူး။ သူတို့ လက်နက်ကြီးနဲ့ပစ်နေတာပဲ။ သူတို့ပစ်တယ်ဆိုတာတော့ ဘာမှ ငြင်းစရာမရှိပါဘူး။ (မုန်လိုင်ခက်ကို) စစ်ကောင်စီတိုက်တာပါ။ အခုလိုတိုက်ခိုက်ဖို့ မိုင်းကြီး၊ ဗုံးကြီးတွေဆိုတာ ကျွန်တော်တို့ဆီက ဘယ်အဖွဲ့အစည်းမှာမှ မရှိဘူး’’ လို့ စစ်ကောင်စီဘက်က ပြောဆိုချက်ကို ပြန်လည်တုံ့ပြန်ပါတယ်။

ကေအိုင်အိုနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေကတော့ အခုပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ လက်နက်တိုက်မရှိသလို တပ်စခန်းတွေလည်း မရှိတဲ့ တကျော့ပြန် ကချင်စစ်ပွဲ စစ်ရှောင်တွေ အခြေချနေထိုင်တဲ့နေရာဖြစ်တယ်လို့ ပြောထားပါတယ်။

KIO ဌာနချုပ်အနီး လက်နက်ကျမှုမှာ ကလေးသူငယ် ၁၁ ဦးသေဆုံး

မုန်လိုင်ခက်ကို လက်နက်ကြီးကျရောက်

ဓာတ်ပုံ ရင်းမြစ်, CJ

ကချင်လွတ်လပ်ရေးတပ်(KIO/KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးနဲ့ ၂ မိုင်ပဲဝေးတဲ့ မုန်လိုင်ခက်ရပ်ကွက်ကို မနေ့ညပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂၉ ဦးထဲမှာ ကလေးသူငယ် ၁၁ ဦးပါဝင်တယ်လို့ ဘီဘီစီက ထပ်မံသိရှိရပါတယ်။

အဲဒီ ၁၁ ဦးထဲမှာ ၁၂ နှစ် အောက်ကလေး မိန်းကလေး ၃ ဦးနဲ့ ယောက်ျားလေး ၃ ဦးပါဝင်တယ်လို့ သိရပါတယ်။

KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ လေကြောင်းကနေ ပစ်ခတ်တာမဟုတ်ဘဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲတယ်လို့ ကနဦးသိရှိရတဲ့အကြောင်း ဘီဘီစီကို ပြောထားပါတယ်။

အခုလက်နက်ကျရောက်တဲ့နေရာဟာ တစ်ကြော့ပြန် ကချင်စစ်ရှောင်တွေနေထိုင်ရာနေရာဖြစ်တယ်လို့ လည်း သိရပါတယ်။

ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) ကတော့ မုန်လိုင်ခက်စစ်ရှောင်စခန်းကို တိုက်ခိုက်ခံရမှုမှာ အရပ်သား ၃၀ ထက်မနည်းသေဆုံးပြီး လူ ၆၀ ခန့် ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် စစ်ကောင်စီရဲ့ အခုလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကို ပံ့ပိုးကူညီပေးနေတဲ့အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးဖို့နဲ့ စစ်ကောင်စီကို နိုင်ငံတကာခုံရုံးကို အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးဖို့ KHRW က တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီဘက်ကတော့ အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး တစုံတရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။

KIO ဌာနချုပ် လိုင်ဇာအနီး စစ်ကောင်စီလက်နက်ကြီးကျရောက်လို့ ‌ သေဆုံးသူ ၂၉ ဦးရှိ

ကချင်လွတ်လပ်ရေးတပ် ကေအိုင်အေ/ကေအိုင်အို ဌာနချုပ်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့ နဲ့ ၂ မိုင်ပဲဝေးတဲ့ မုန်လိုင်ခက်ရပ်ကွက်ကို အောက်တိုဘာ ၉ ရက် ညပိုင်း ၁၁ နာရီ ခွဲ အချိန်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ‌ကနဦး ရုပ်အလောင်းတွေ့ရှိမှုအရ ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် သေဆုံးသူ ၂၉ ဦးရှိတယ်လို့ ကေအိုင်အိုပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကိုပြောပါတယ်။

"လက်နက်ကကြီးပါတယ်။ ပေါက်ကွဲမှု အနေအထားအရ အင်မတန်ကြီးတဲ့ ဗုံးတွေ လက်နက်တွေပေါက်ကွဲတာပါ။ လေကြောင်းကနေပစ်တယ်လို့ပြောဖို့ကျတော့ လေယာဥ်ပျံသန်းတာမကြားပါဘူး။ အခုတော့ ဒရုန်းနဲ့ ပစ်တယ်လို့ ကျွန်တော်တို့ သုံးသပ်ထားပါတယ် '' လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူ ၅၆ ဦး ရှိပြီး အဲဒီထဲက ၄၄ ဦး ကိုဆေးရုံပို့ဆောင်ကုသပေးထားရတယ်လို့ သူကဆက်ပြောပါတယ်။ သေဆုံးထိခိုက်ဒဏ်ရာရသူအားလုံးဟာ စစ်ရှောင်အရပ်သားပြည်သူတွေဖြစ်ပြီး အဲဒီနေရာမှာ တပ်စခန်းတွေမရှိဘူးလို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

''တမင်တကာရည်ရွယ်ချက် ရှိရှိ ပြည်သူလူထုကို ပစ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ အဲဒီလိုပဲခံယူပါတယ်။ သူတို့က ပါးစပ်ကငြိမ်းချမ်းရေးပြောနေတာ ငြိမ်းချမ်းရေးဆွေးနွေးဖို့တွေပြောနေပေမဲ့ အခုလို လုပ်တာက လူမျိုးတုံးလုပ်တာလို့ပဲ ခံယူပါတယ်။ ကျွန်တော်တို့ ဌာနချုပ်ကို ဒီလောက်ကြီးလုပ်တာကတော့ ကျွန်တော်တို့ကို ခြိမ်းခြောက်တာပဲဖြစ်ပါတယ် '' လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပြီး တစ်စုံတစ်ရာထုတ်ပြန်တာလည်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အခုလို အောက်တိုဘာလ ၂၃ ရက်ကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက အနန့်ပါအရပ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လူ ၆၀ ကျော် သေဆုံးခဲ့တာဖြစ်ပါတယ်။

ပဲခူး ရေကြီးမှု ၃ ရက်မြောက်အခြေအနေ

ပဲခူးရေကြီးမှု ၃ ရက်ထဲဝင်လာပေမဲ့ ရေသိသိသာသာမကျသေး

ပဲခူးမြို့လယ်အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, Phyo Bo

ပဲခူးမြို့မှာ အောက်တိုဘာ ၁၀ ရက် ဒီနေ့ မနက်ပိုင်းအထိ စံချိန်တင်ရေကြီးမှု ဆက်ရှိနေပြီး ရေလုံးဝမကျဘဲ တန့်နေတယ်လို့ ကယ်ဆယ်ရေးသမားတွေ နဲ့ မြို့ခံအချို့က ပြောပါတယ်။

လက်ရှိမှာ အိမ်တွေထဲမှာ ပိတ်မိနေတဲ့သူတွေဆက်ရှိနေပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေဆက်လုပ်နေရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တချို့ကပြောပါတယ်။

လက်ရှိမှာ မီးသတ်အဖွဲ့ က လူဦးရေ ၃၀၀ နဲ့ မြို့ခံ ကယ်ဆယ်ရေး ၂၀၀ လောက် စုပေါင်းပြီး လူဦးရေ ၅၀၀ လောက်က ‌လှေတွေနဲ့ ကယ်ဆယ်ရေးတွေ လုပ်ပေးနေတယ်လို့ဆိုပါတယ်။

‘’မိုးကဆက်ရွာနေတုန်းပဲ ။ အခုဆိုးတာက ရေမကြီးဘူးတဲ့ မြို့လယ် ပုဏ္ဏားစုနဲ့ ညောင်ဝိုင်းဘက်တွေက အခုမှကြုံဖူးတော့ ရေကြီးတဲ့အတွေ့အကြုံမရှိတော့ ဘယ်လိုထွက်ရမလဲ မသိတော့ ။ ကြောက်အားလန့်အားဖြစ်ကြတယ်။ ‌ဒီမနက်အထိ ကျွန်တော်တို့ကယ်နေရတုန်းပဲ။ အခု လူကယ်နေရင်း ထမင်းထုပ်တွေပါယူလာပြီး တခါတည်းပေးနေရတယ် '' လို့ ကူညီကယ်ဆယ်ရေး သမားတစ်ဦးကပြောပါတယ်။

လက်ရှိမှာ ပဲခူးမြို့ ကယ်ဆယ်ရေး စခန်းတွေကို ကုန်းမြင့်မှာရှိတဲ့ ဘုန်းကြီးကျောင်း ၁၇ ကျောင်း မှာ ဖွင့်ထားပြီး စခန်းတစ်ခုမှာ စုစုပေါင်း လူဦးရေ ၇၀၀ နဲ့ ၁,၀၀၀ ကြားရှိတယ်လို့ ကိုယ်တိုင်ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီလူကယ်ပြန်ဌာနဘက်ကတော့ ရေဘေးကြောင့် နေရပ်ရွှေ့ပြောင်းပေးထားရသူ လူပေါင်း တစ်သောင်းသုံးထောင်ကျော်အထိရှိတယ်လို့ ဘီဘီစီကို မနေ့က ပြောထားပါတယ်။

လက်ရှိမှာ ပဲခူးပြည်သူ့ဆေးရုံကြီး ရဲ့ အရေးပေါ်ဌာန နဲ့ ဆေးရုံအောက်ခြေ မှာ ရေမြုပ်ပြီး လူနာတွေကို ရေလွတ်တဲ့နေရာမှာ‌ ရွှေ့ပြောင်းထားတယ်လို့ ဆိုပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ မနက်ခင်း မြစ်ရေ သတိပေးချက်အရ ပဲခူးနဲ့ ဇောင်းတူ မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်မှာဆက်ရှိနေပေမဲ့ ‌လက်မအနည်းငယ်ကျဆင်းလာတယ်လို့ဖော်ပြထားပါတယ်။